Friday, January 8, 2016

ရေကန်ထဲကဆား

ရေကန်ထဲကဆား(စိတ်ဓါတ်ကျနေသူများအတွက်ပါ)

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်..
ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်.. ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်.

မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်.. ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်..

ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်.. ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်..

ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.. . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…” “ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.. ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်..

“Stop being a glass. Become a lake.” ဒီဥပမာလေးကို သဘောကျလို့ ပြန်လည်ဝေမျှပါတယ်

The taste of life ( Unknown Author) ကို ဘာသာပြန်ဆိုပါသည်။



အေးချမ်းမွန် Credit & Copy From



Posted by .ဇော်ရဲ { N.P.T }

ဆိုကရေးတီး၏စကားတစ်ခွန်း


............................

တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”

“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး”

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”

“ မကြီးပါဘူး”

“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”

အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။

မှတ်သားသင့်လို့ မျှဝေပါသည်။



Posted by .ဇော်ရဲ { N.P.T }

Happy New Year

Happy New Year

ဒီနေ့ဟာ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ပါပဲ။မနက်ဖြန်ဆို နှစ်သစ်တစ်ခုဆီကို ပထမဆုံး လှမ်းရမဲ့
နေ့သစ်ကို ရောက်တော့မယ်။ဒီတော့ Happy new year နဲ့ပါတ်သတ်တဲ့
ကျမရဲ့ ဖွင့်ဆိုချက်တချို့ကို သူငယ်ချင်းတို့ကိုဝေမျှပါမယ်။
ဒီအကြောင်းအရာဟာ လူသားတိုင်း မတိုက်ဆိုင်ပေမဲ့ တခုတလေ တော့
အကျိုးရှိနိုင်ပါစေလို့ ရည်ညွန်းပါတယ်။

*Happy New Year
ကို သမိုင်းအနေ နိုင်ငံရေး အနေနဲ့ကတော့ တရားဝင်ကျွန်နိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ နေ့ပါ။
ဗြိတျိသျှ တွေ မြန်မာပြည်ကို သိမ်းပြီး
အင်္ဂလန် ဘုရင်မကြီး ဝီတိုရီးယားကို
နှစ်သစ်ကူးလက်ဆောင် အနေဖြင့်
ပေးအပ်ခြင်းခံရသောနေ့။

*Happy New Year
ကို မြန်မာနည်း မြန်မာဟန် ဗုဒ္ဓဘာသာ သဘောအရ တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ကြီးရင့်လာပြီး
သေခြင်းတရားထံသို့ နီးကပ်စွာလျှောက်လှမ်းလာခြင်းလို့ သတ်မှတ်ပါတယ်။

*Happy New Year
ကို တစ်ကမ္ဘာလုံး အနေဖြင့်တော့
နှစ်ဟောင်းကို စွန့်ပြီး စိတ်သစ်ကိုယ်သစ်နဲ့ နှစ်သစ်ဆီ ချီတတ်ခြင်းလို့ သတ်မှတ်ပါတယ်။

အပေါ်က သတ်မှတ်ချက်တွေဟာ တကယ်ဖြစ်ခဲ့တာပါ။

ဘာကြောင့်ပဲဖြစ်ဖြစ် အတိတ်တွေကို မေ့ထားနိုင်ရပါမယ်။အတိတ်က တချို့ဟာ အနာဂါတ်အတွက် သင်ခန်းစာပါ။အတိတ်မှာ သူ့ကျွန်ဘဝ ကျရောက်ခဲ့တာဟာ ဘာကြောင့်လည်းဆိုတဲ့ အားနည်းချက်တွေ ရှာရပါမယ်။ကံ ကံ၏ အကျိုးဆိုပေမဲ့။ကံဆိုတာ အလုပ်ပါလို့ ဗုဒ္ဓ နူတ်တော် မှ မိန့်ကြားထားပြီးသားပါ။
အတိတ်မှာ ကံအလုပ်တွေ အားနည်းခဲ့လို့ သူတစ်ပါးလက်အောက် နှစ်ပေါင်းရာကျော်စွာ နေထိုင်ခဲ့ရခြင်းလို့ပဲ ကျမသတ်မှတ်ပါတယ်။

ဗုဒ္ဓ နည်းအရ တစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ် သေရန် တစ်ရက်နီးခဲ့ပါပြီ။
နှစ် တစ်နှစ် ကူးသွားတိုင်း ကျမတို့ အသက်တွေ ငယ်သွားတာမဟုတ်ပါဘူး။
ကျမ တို့ ဘဝတွေအတွက် ဘာတွေပြင်ဆင်ပြီးသွားပြီလဲ။
ကျမတို့ရဲ့ အတိတ်တွေမှာ မျက်ရည်တွေ အပြုံးတွေ နာကျင်မှုတွေ မခံလိုစိတ်တွေ
အစရှိတဲ့ လောကဓံရှစ်ပါးကို နဲများမဆို တွေ့ကြုံလာခဲ့ပြီးသားပါ။

ကျမ တို့ တနေ့တာအတွက် ပညာ ဒါန
ငွေကြေးဥစ္စာရှာရမယ်လို့ ငယ်စဉ်က ကျမ၏ ဖခင်မှာကြားခဲ့ဖူးပါသည်။
ပညာဆိုသည်မှာ အတတ်ပညာ ဖြစ်ဖြစ် အသိပညာပဲဖြစ်ဖြစ် ပြီးဆုံးအောင် တတ်မြောက်သွားတယ်လို့မရှိပါဘူး။
ကျမတို့ရဲ့ တစ်နေ့တာမှာ မဆုံးသေးတဲ့ ပညာရှာဖွေသင်ယူသင့်ပါတယ်။ကျမတို့ဟာ ဆရာဝန်မို့ စက်ချုပ်သင်စရာမလိုဘူးဟု မတွေးစေချင်လို။အသိပညာ အတတ်ပညာတိုင်းသည် လူတိုင်းနှင့်သက်ဆိုင်သည်။ကျမ ဆယ်တန်းတောင် မအောင်လို့ ဆရာဝန်တစ်ယောက်နှင့် မတူဘူးဟု မသတ်မှတ်သင့်ပေ။အနဲဆုံးတော့ ကိုယ်ချစ်ခင်ရသူတို့ အတွက် ကိုယ်ဟာ
အတတ်ပညာတိုင်းကို နားလည်အောင်သင်ယူသင့်သည်။သင်ယူသည်ဆိုသည်မှာ ခေတ်ပေါ် သင်တန်းပေါင်းစုံကို လျှောက်တတ်နေခြင်းမဟုတ်ဘဲ မိမိ၏ အိမ်၌ပင် fbလို အရာမှသော်လည်းကောင်း စာအုပ်စာပေတို့မှသော်လည်းကောင်း လေ့လာလိုက်စားသင့်သည်။

ဒါန ကျမတို့ တစ်နေ့တာအတွက် ဒါနပြုလုပ်သင့်သည်။မည်သည့်ဘာသာ အတွက်မဆို ဒါနသည် အရေးပါလှသည်။အနဲဆုံးအနေဖြင့် မိမိစားမည့် ထမင်းပန်းကန်ထဲမှ ထမင်းတစ်လုပ်လောက်ကို ကျေးဌက်ကလေးတွေ စွန့်ကြဲတာလောက်တော့ လူတိုင်းတတ်နိုင်သည်။ဒါနသည် ကျမတို့ သွားမည့် လမ်း သံသရာအတွက် အကောင်းမွန်ဆုံး တံတားတစ်စင်းဖြစ်သည်။ကျမတို့ လက်ရှိပစ္စုပ္ပုန်တွင် ဒါနအားနည်းပါက
နောင်သံသရာအတွက် လမ်းကြမ်းများမှသာ ဖြတ်သန်းရမည်။
ရုပ်စွ အဆုံး မိမိအတွက် မရည်းစူးရင်တောင်မှ ဆာလောင်သူအတွက် လိုအပ်နေသူတွေအတွက် မိမိထံမှ ပိုလျံနေသော အရာတို့ကို စွန့်ကြဲခြင်းသည် နှစ်ဦးနှစ်ဖတ်စလုံးအတွက် အဖိုးမဖြတ်နိုင်သော ပီတိကိုဖြစ်စေသည်။

ဥစ္စာ ဆိုသည်မှာ မိမိသော်လည်းကောင်း
မိမိ၏ မျိုးဆက်များ အတွက်သော်လည်းကောင်း ရှာဖွေရန်လို အပ်သောအရာဖြစ်သည်။
လောဘတရား ရှိသင့်သည်။ထိုလောဘတရားသည် မျှတဖို့တော့လိုအပ်သည်။မိမိနှင့် မိမိချစ်ခင်ရသောသူများ ချမ်းသာမှု အရေးအတွက် အများသူဌာ မျက်ရည်များ ချွေးစက်များ အသက်အိုးအိမ် စည်းစိမ်များ မဖြစ်ရန်တော့လိုအပ်ပေသည်။လူတိုင်း ကြိုးစားတိုင်း အောင်မြင်နိုင်သည်တော့ မဟုတ်ပေမဲ့ ဇွဲမလျော့ဘဲ လုံးလ ဝီရိယ သမာအာဇီဝနှင့်သာ တောင့်ခံနိုင်မည်ဆိုပါက ငွေကြေး မချမ်းသာခဲ့ရင်တောင် ပျော်စရာ အေးချမ်းမှုနှင့် သာယာပြီးပြည့်စုံသော စိတ်၏ ချမ်းသာခြင်းများကို ပိုင်ဆိုင်ရမည်။

နိဂုံးချုပ်အားဖြင့်ဆိုရသော်
Happy New Yearကို သမိုင်းတွေ
အတိတ်တွေကို သင်ခန်းစာယူပြီး
ဘာသာရေးများ လက်ကိုင်ထားကာ
အရှုံးတွေ အမုန်းတွေ အာဃာသတွေ မေ့ထားလိုက်ပြီး စစ်မှန်သော ဘဝနေထိုင်မှု ပျော်ရွှင်မှုကို ရှာဖွေရင်း
နိုင်ငံသားကောင်း များ ဘာသာ သာသနာကို စောင့်ရှောက်ထိန်းသိမ်း လက်ဆင့်ကမ်းနိုင်သော အမျိုးသားအမျိုးသီးကောင်းများ အနေဖြင့်
နေ့သစ် နှစ်သစ် စိတ်သစ် ကိုယ်သစ် အတွေးအခေါ်အသစ်နှင့် ပညာ ဒါန ဥစ္စာများကို နည်းမှန်လမ်းမှန် ရှာဖွေနိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်တယ်။

(အားလုံးသော လူသားများနှင့် သုံးဆယ့်တစ်ဘုံသော သတ္တဝါများစိတ်၏ ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။)



Posted by .ဇော်ရဲ { N.P.T }

မင်းမသိလေသော

မင်းမသိလေသော
      ~~~~~~~❀ ~~~~~~~~
   ပြည်မြို့ရဲ့ ကမ်းနားလမ်းတစ်ခုက ထိုင်ခုံပေါ် ကုန်ခါနီးစီးကရက်တစ်ခုကို ခပ်ပြင်းပြင်းရှိုက်ထုတ်ရင်း မီးခိုးငွေ့တွေကို အဓိပ္ပါယ်မဲ့ ကြည့်နေမိတယ် ခပ်ဖြူးဖြူးတိုက်လိုက်တဲ့ လေတစ်စုကြောင့် မီးခိုးငွေ့တို့ ဝေးရာလွင့်သွားကြတယ်။
လွင့်မျောနေကြသော မီးခိုးငွေ့တွေနဲ့အတူ ကျွန်တော့ရဲ့ အတွေးတွေသည်လည်း တစ်စနဲ့ တစ်စ လွင့်ပျံလာခဲ့တော့သည်..........။
        `ငါတို့ အရင်လို သူငယ်ချင်းအဖြစ်ပဲနေကြရအောင်နော်´
         ကျွန်တော်စွဲလမ်းမိတဲ့ သူမရဲနှုတ်ခမ်းထက်ကစကားတစ်ချို့. ။     စကားတောင်မဆုံးသေးပါဘူး ဘယ်ရင်အုံက တဆစ်ဆစ်နဲ့.။နားကြားမှားမိလေခြင်းလား.။ မဟုတ်ပါ။ နောက်တစ်ခါထပ်ပြောပြတယ်။ ဘာလို့လဲ ဆိုသော စကားမှအပ မည်သည့်စကားတစ်ခွန်းမှ နှုတ်ခမ်းထက်နေရာမယူရဲကြတော့......။
           စိတ်တွေဂယောက်ဂယက်နဲ့ ဟိုဟိုဒီဒီလျှောက်တွေးနေရင်း သူမရဲ့ မျက်ဝန်းတစ်စုံက ကျွန်တော့် အတွေးတွေထက်နေရာယူကြရင်း ပါးထက်ကတလိမ့်လိမ့်စီးလာတဲ့ မျက်ရည်ကိုတောင် သတိမပြုမိတော့။
         သူမ မှန်ပါတယ်။
ကျွန်တော်ဆိုတာက ကဗျာနဲ့သီချင်းကလွဲရင် ဘယ်အရာမှအရေးမထားတတ်သောလူ။
သူမအတွက် လက်တွေ့ဘ၀ဆိုတာ ဘယ်ခါမှဖန်တီးပေးဖို့ မလွယ်ကူခဲ့တဲ့လူ။ အဲ့လိုလူတစ်ယောက်အနေနဲ့ ဒီနေ့ရဲ့ ရလာဒ်က ထိုက်တန်ခဲ့ပါတယ်။ သို့သော် ရင်တစ်ခုလုံး နင့်နေအောင် ဒဏ်ရာဆုတွေပိုက်ယူခဲ့ရတယ်။
             အချစ်ဆိုတာဘာလဲ?
ဒီမေးခွန်းတစ်ခုအတွက် ကဗျာဆရာတွေ သီချင်းရေးဆရာတွေ အမျိုးမျိုးရေးဖွဲ့ကြခဲ့တယ်။ဒီတော့ ကျွန်တော့်လိုလူတစ်ယောက်အနေနဲ့ရော အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲ။ ဘာရယ်တော့သေချာမသိခဲ့ဘူး။ ရင်တစ်ခုလုံး ကြွေကျမတတ်ဖြစ်သွားခဲ့တာတော့ ပါးထက်ကမျက်ရည်က အသိအမှတ်ပြုပေးတယ်။
               ရုတ်တစ်ရက် တစ်ချက်မွေ့တဲ့လေပွေကြောင့် တွေးလက်စအတွေးစတွေ ပျောက်ကွယ်ခဲ့ရတယ်။ ရလိုက်တဲ့အနံ့တစ်ခုကြောင့် လေလာရာမျှော်ကြည့်မိရင်း အနီရောင်သွေးနဲ့ နှင်းဆီရုံတစ်ခု။
                   အို နှင်းဆီရယ်......
မင်းရဲ့အရောင်အသွေးတွေ အရမ်းလှနေပါ့လား
       ဒါပေမယ့်ကွာ မင်းရဲ့အလှက ငါ့ချစ်သူထက်မသာနိုင်ဘူး...........
                     အိုနှင်းဆီရယ်.......
မင်းရဲ့ရနံ့သင်းတွေ အရမ်းမွှေးပါလား
         ဒါပေမယ့်ကွာ ငါ့ချစ်သူပါးက သနပ်ခါးထက် ငါ့ကိုမစွဲလမ်းစေတာ အမှန်ပဲ.......
                      အိုနှင်းဆီရယ်...... 
မင်းရဲ့အကိုင်းမှာ အဆိပ်ဆူးတွေအပြည့်ပါလား..
          ငါ့ချစ်သူမှာလည်း မင်းလို ခူးသူဆူးစေတဲ့
မာန ဆိုတာလားတော့မသိဘူး အဆိပ်တက်တဲ့ အရာတစ်ခုရှိတယ်.......။
                           အို နှင်းဆီရယ်....
မင်းကိုသာ ငါငေးကြည့်ခွင့် ခူးဆွတ်ခွင့်ရှိတာပါ...
             ငါ့ချစ်သူကိုတော့ ငေးကြည့်ခွင့်တောင် မရှိနိုင်တော့ဘူးလေ.......။
                တဖွဖွရေရွတ်နေမိတဲ့ နှုတ်ခမ်းတစ်စုံကို အသာရပ်ပီး သူမမသိလေသော ကျွန်တော့ရဲ့ အချစ်တွေအတွက် ရူးသွပ်ခြင်းတစ်ခုလေလားဟု တွေးမိနေခဲ့တယ်။
              သူမသိပါလေစ.....
ကျွန်တော်သူ့ကို အရမ်းချစ်တယ်ဆိုတာ....
              သူမသိပါလေစ...... ...
သူမနဲ့ ဖုန်းမပြောဖြစ်တဲ့နေ့တွေဆို သီချင်းတွေအကျယ်ကြီး အော်ဟစ်ဆိုနေခဲ့မိတာတွေ
                သူမသိပါလေစ........
လူချင်းမတွေ့ဖြစ်တဲ့အခါ အမြဲတမ်းကြည့်ဖြစ်တဲ့ သူမရဲ့ဓာတ်ပုံလေးပေါ်မှာ ကျွန်တော့်နှုတ်ခမ်းတွေ မှေးအိပ်ခဲ့ကြတယ်ဆိုတာ.....
                 သူမသိပါလေစ......
စိတ်ဆိုးနေတဲ့အချိန်တွေမှာတောင် သူမ အတွက် ကြိုးစားပီးပြုံးနေခဲ့ရတာတွေ.........
               သူမ သိပါလေစ............
လမ်းခွဲကြမယ်ဆိုတဲ့စကားကို သေမလောက်ကြောက်ခဲ့ရတဲ့ ကျွန်တော့်အဖြစ်တွေ..........။

                လွင့်နေသောအတွေးတို့ကို စုစည်း၍ ထိုင်ခုံထက်မှ အိမ်ပြန်ရန် ထမိသောခဏ။
နားထဲရောက်လာလာသော အသံတစ်ခုကြောင့် အလိုလိုမျက်ရည်ကျလာခဲ့တယ်၊။
        အနီးနားအိမ်တစ်ခုမှဖွင့်ထားသော.....
ဝနရဲ့ `နင်မရှိတော့ရင်´ဆိုတဲ့သီချင်း.......
အရမ်းကြိုက်တဲ့ သီချင်းဖြစ်တာကြောင့် စာသားတွေအလွတ်ရနေခဲ့တယ်။ သီချင်းသံကို ခပ်ဖွဖွလိုက်ဆိုရင်း အိမ်ပြန်တဲ့ ခြေလှမ်းတို့က အသက်မဲ့စွာ.......။
                   ... ........ဇရပ်ပျက်..........



Posted by .ဇော်ရဲ { N.P.T }

ဘာသာတရားတန်ဖိုးထားစေချင်

"ဘာသာတရား တန်ဖိုးထားစေချင်"

စာရေးသူသည် ဤဆောင်းပါးရေးရခြင်း၏ ရည်ရွယ်ချက်သည် ဗုဒ္ဓဘာသာမြန်မာလူငယ်များအနေဖြင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေးရည်မှန်းချက်များအောင်မြင်မှုအပြင် ဗုဒ္ဓဘာသာရေး၊ မြန်မာ့ယဉ်ကျေးမှုအရေးတို့ကို တွဲဖက်လုပ်ဆောင်ပါ လောကီ၊ လောကုတ္တရာနယ်ပယ်တွင်နယ်တွင် ယခုဘဝတွင်သာမက နောင်သံရာကောင်းဖို့အတွက်ထိပါ ရည်ရွယ်ခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာ မြန်မာလူငယ်များ၏ ဘာသာတရားအပေါ်ထား ရှိသောလေးနက်မှုသည် မိရိုးဖလာဗုဒ္ဓဘာသာနှင့် တကယ်ဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားတို့ကို မသိနားမလည်ကြပေ။ ဗုဒ္ဓဘာသာသည် မေတ္တာတရား၊ ကိုယ်ချင်းစာတရား တို့ကို မခြေခံအလေးထား၍ သူတပါးတို့အားမထိခိုက်မနစ်နာစေဘဲ၊ အပြစ်ကင်းအောင်ပြုမူပြောဆိုခြင်းပင်ဖြစ်သည်။
ကျွန်မတို့ငယ်စဉ်တုန်းကဆိုလျှင် မိဘ၊ ဘိုးဘွား၊ ဦးဦး၊ ဒေါ်ဒေါ်များထံ၌ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ မူလတန်းကျောင်းသူ၊ ကျောင်းသားဘဝကပင် ၃၈ဖြာမင်္ဂလာ၊ ဗုဒ္ဓဘာသာသင်တန်း၊ မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ် စသည့်ကျင့်ဝတ်တရားကောင်းများကိုလည်းကောင်း ကြီးပွားချမ်းသာကြောင်းဖြစ်သော မင်္ဂလာတရားတော်များကိုလည်းကောင်းသင်ကြားခဲ့ရပါသည်။ လူကြီးမိဘ၊ သူစိမ်းတရံဖြစ်စေကာမူ အသက်အရွယ်ကိုလိုက်၍ ညီမလေး၊ မောင်လေး၊ ညီလေး၊ အစ်ကို၊ အစ်မ၊ ဦးဦး၊ ဒေါ်ဒေါ်၊ ဘကြီး၊ မေကြီး၊ ဘိုးဘိုး၊ ဘွားဘွားစသည်ဖြင့် မေတ္တာရှေ့ထား၍ ဆွေမျိုးစပ်ခေါ်ဝေါ်ပြောဆိုခြင်းသည်လည်းကောင်း၊ လူကြီးများအားဂါဝါရရှေ့ထား၍မာန်မာနနှိမ့်ချကာ ကျွန်တော်၊ ကျွန်မဟုသုံးနှုန်းပြောဆိုခြင်းသည်လည်ကောင်း၊ အခက်အခဲ၊ အကျပ်အတည်းနှင့် ကြုံဆုံနေရသူဆိုလျှင်လည်း ကိုယ်ချင်းစာတရား၊ စေတနာရှေ့ထားပြီးကူညီဆောင်ရွက်ပေးသည်မှာ ကျွန်မတို့မြန်မာဗုဒ္ဓဘာသာတရား၏ ယဉ်ကျေးမှုအနှစ်သာရဖြစ်ပါသည်။
ယနေ့မျက်မှောက်ခေတ် လူငယ်လူရွယ်လေးများမှာ ကျွန်မတို့ငယ်စဉ်ကကဲ့သို့ ယဉ်ကျေးလိမ္မာတရားများနှင့်ဝေးနေသည်ကို တွေ့ရပါသည်။ကျောင်းတွင်မသင်ရသလို အိမ်ရှိမိဘများကလည်း စားဝတ်နေရေးအတွက် စီးပွားရှာ ရုန်းကန်လှုပ်ရှားနေရသည့်အတွက် သားသမီးများအပေါ် ဘာသာရေး၊ လူမှုရေး၊ မြန်မာ့ယဉ်ကျေးမှု အခြေခံအနှစ်သာရများကို အသိအမြင်ကျယ်အောင် လမ်းညွှန်သင်ကြား ပြသမပေးနိုင်ရှာတော့ပေ။
ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်လူငယ်အများစုသည် မိမိတို့ကိုးကွယ်ဆည်းကပ်သည့် ကျောင်းကန်ဘုရားများသွားခေါ်လျှင် မလိုက်ချင်ကြပေ။ စေတီပုထိုးများသို့သွားလျှင်လည်း တကယ့်ဘုရားကို ကြည်ညိုဖူးမြော်ချင်လိုသွားသည်က နည်းပါးလေသည်။ ဘုရား ကျောင်းကန်သွားဖို့ခေါ်လျှင်လည်း မလိုက်ချင်ကြပေ။ တခြားဘာသာဝင် ကလေးငယ်များကမူ သူတို့သက်ဆိုင်ရာ ဘာသာရေး ကျောင်းများသို့ သွားရလျှင်ပင်ပျော်ရွှင်နေကြသည်မှာ စာရေးသူ မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသည်။
ထိုသို့ခြားနားခြင်းသည် အဘယ့်ကြောင့်နည်းဟု သုံးသပ်လေ့လာဖို့ လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ တာဝန်ရှိသော မိဘများအနေနှင့်လည်း ဘုရားကျောင်းကန်သို့သွားသည့်အခါ လူငယ်လေးများကိုဘုရားကျောင်းကန်သို့ ခေါ်ဆောင်သွားရန် တိုက်တွန်းအပ်ပါသည်။ မိမိတို့ကလေးငယ်များအား "ကလေးက ကလေးလိုနေ၊ လူကြီးနေရာ ဝင်မရှုပ်ရဘူး" ဟုမပြောသင့်၊ ဘုရားကျောင်းကန်သို့သွားသည့်အခါ ဦးဆောင်၍ခေါ်ဆောင်သွားသင့်ပါသည်။
စာရေးသူတို့ ပတ်ဝန်းကျင်တွင် ကြုံတွေ့နေရသည်မှာ ယနေ့ခေတ်လူငယ်လေးများသည် မြန်မာ့ယဉ်ကျေးမှု ဘာသာရေးအားနည်းလာသည့်အလျောက် ရိုသေထိုက်သူကို ရိုသေရကောင်းမှန်းမသိတော့။ လူကြီးမိဘများပြောဆိုဆုံးမလာသည့်အခါတွင် ပြောစကားနားမထောင်တော့။ မရိုမသေ ပြန်လည်ပြောဆိုလာပြီး `ကိုယ်ထင်ရာ ကိုယ်ဆိုင်း´ နေထိုင်ပြောဆိုနေကြသည်ကို တွေ့နေရပါသည်။
ယနေ့ခေတ်လူငယ်လေးများမှာ ဘုရားကျောင်းကန်များတွင်ပင်ပန်းခြံအမှတ်နှင့် အတွဲကိုယ်စီကိုယ်စီဖြင့် ယိုသူမရှက် မြင်သူရှက်လောက်သည်အထိ နေထိုင်နေမှုမျိုးကို တွေ့နေရသည်မှာ မြန်မာလူမျိုးတစ်ယောက်အနေနှင့် အလွန်ဝမ်းနည်းဖို့ ကောင်းလှပါသည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကို့ယ့်ဘာသာကို မိမိတို့မှ မထိန်းသိမ်းမစောင့်ရှောက်လျှင် မည်သူတွေက စောင့်ရှောက်တော့မှာလဲရှင်။ မည်သို့မျှ မသင့်လျော်ပေ။
အကယ်၍ အမှန်တကယ်ပင် မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပါမူပန်းခြံများ၊ ကစားကွင်းမျာ၊ ဥယျာဉ်များသို့သာ သွားကြဖို့သင့်ပေသည်။ ကျောင်းကန် ဘုရားဝင်များသည် တရားဓမ္မနှင့် မွေ့လျော်လိုသူများအတွက်သာ ခိုနားစရာ အေးရိပ်ဖြစ်ပါသည်။ ယင်းတရားဓမ္မ မွေ့လျော်၍ဘုရားလာကြသော ရဟန်းသံဃာ၊ လူကြီး၊ လူငယ်၊ အများပြည်သူတိုအတွက် စိတ်အနှောင့်အယှက်ဖြစ်ရသကဲ့သို့ ကာယကံရှင် သမီးရည်းစားစုံတွဲများတွင်လည်း အပြစ်အလွန်ကြီးမားလှသည်။
ယနေ့ခေတ်လူငယ်များသည် ဘွဲ့ဒီဂရီများ၊ ပညာမာနများ၊ ဓနမာနများဖြင့် လောကကြီးအားဂရုမစိုက်မော်ကြွားလျက် မာနတံခွန်လွှင်ထူထားကြပါသည်။ တကယ်တော့ ရရှိထားသည့်ဘွဲ့လက်မှတ်များမှာ စားဝတ်နေရေးနှင့် လူမှုအဆင့်အတန်းမြင့်မားအောင်ထောက်ပံ့ပေးသည်မှန်သော်လည်း ကိုယ်လူမျိုး၊ ကိုယ်လူမျိုး၊ ကိုယ်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုကို အလေးအမြတ်ထားမှသာ လောကကြီးကို အလှဆင်နိုင်ပြီး လူရည်ချွန်၊ လူရည်မွန်ကောင်းလေးတွေဖြစ်လာမှာ အမှန်ပင်ဖြစ်ပါသည်။
ယနေ့ခေတ် လူငယ်လေးများသည် အနာဂတ်၏ခေါင်းဆောင်ကောင်းဖြစ်လာမည့် ကြယ်ပွင့်လေးများဖြစ်သည့်အတွက် သားကောင်း၊ သမီးကောင်းရတနာဖြစ်ဖို့ ကျောင်းသူ၊ ကျောင်းသားဘဝကပင်စပြီး အသိပညာ၊ အတတ်ပညာအပြင် ပဉ္စသီလခေါ်ကျင့်ဝတ်ငါးပါး၊ ကိုယ်အမူအရာ၊ နူတ်အမူအရာတို့ကို အပြစ်ဆိုဖွယ်မရှိအောင်မိဘ၊ ဆရာများ ပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်းကြပါရန် စေတနာရှေ့ထား၍ တိုက်တွန်းအပ်ပါသည်။
လူငယ်များအနေဖြင့်လည်း ခေတ်ရေစီးကြောင်းမျောပါလာသည်နှင်အမျှ ကိုယ်လူမျိုး၊ ကိုယိဘာသာ၊ ကိုယ်ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေးများကို မြတ်ဗုဒ္ဓ၏ မင်္ဂလာတရားတော်နှင့်အညီ တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းကာကွယ်ခြင်း၊ မြတ်စွာဘုရား၏ တရားတော်များ၊ ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဉ်ကျေးမှုကိုတန်ဖိုးထားလေ့လာခြင်းများ ပြုလုပ်ဖို့လိုပါသည်။ အမျိုးဘာသာ၊ သာသနာတော်ကို ချစ်မြတ်နိုး၊တန်ဖိုးထားတတ်လျှင်ဖြင့်တန်ဖိုးရှိသော သားကောင်းရတနာ၊ သမီးကောင်းရတနာဖြစ်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။ မြန်မာလူငယ်များ၏ ဘာသာရေးအပေါ်ထားရှိသောခံယူချက်မှာ (၂)မျိုးကွဲပြားနေသည်ကို တွေ့ရပါသည်။

(၁)မိရိုးဖလာဗုဒ္ဓဘာသာနှင့်
(၂)တကယ့်ဗုဒ္ဓဘာသာစစ်စစ်ဟု ကွဲပြားနေခြင်းဖြစ်ပါသည်။
မိရိုးဖလာဗုဒ္ဓဘာသာဟူသည် မိဘမျိုးရိုးစဉ်အဆက် ဗုဒ္ဓဘာသာအလိုက်ကိုးကွယ်ခြင်းဖြစ်၍ ဗုဒ္ဓဘာသာအပေါ် ခံစားချက်၊ ခံယူချက်၊ လေ့လာသင်ယူချက်နည်းပါးပါသည်။ မိဘ၊ ဘိုးဘွားများက ဗုဒ္ဓဘာသာကိုးကွယ်၍သာ လိုက်၍ကိုးကွယ်ရုံသာဖြစ်သည်။ မိရိုးဖလာဗုဒ္ဓဘာသာကိုးကွယ်မှုသည် ယနေ့ခေတ်မြန်မာလူငယ် ယောက်ျားလေး၊ မိန်းကလေးများအတွက် ဘာသာရေးဘက်တွင် အလွန်အန္တရာယ်ရှိပါသည်ဟု စာရေးသူအနေဖြင့်ပြေပြချင်ပါသည်။
ယနေ့ခေတ်အချိန်အခါမျိုးတွင် တိုင်းတပါးယဉ်ကျေးမှု၊ တိုင်းတပါးက အနုပညာများကထိုးပေါက်ဝင်ရောက်လာသည့်အတွက် ခေတ်လူငယ်များအနေဖြင့် မိမိတို့အမျိုးဘာသာ၊ သာသနာနှင့် မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးထိန်းသိမ်းရန်လေ့လာဆည်းပူးသင့်ပါသည်။ မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်သော ဗုဒ္ဓသာသနာကိုထိန်းသိမ်းရကောင်းမှန်းမသိဘဲ ဖြစ်နေကြသောအခါ၊ တိုင်းတပါးယဉ်ကျေးမှု များအား အထင်ကြီးအတုခိုးလျက် လူငယ်များအနေဖြင့် မကောင်းသည်ကို မကောင်းမှန်းမသိ၊ ရှက်သင့်သည့်အရာကို ရှက်ရကောင်းမှန်းမသိကြတော့ပေ။
မြန်မာ့ယဉ်ကျေးမှု အမျိုးဘာသာ၊ ကိုးကွယ်ရာဗုဒ္ဓဘာသာကို မြတ်နိုးရကောင်းမှန်းမသိပဲ ဘာသာရေးအားနည်းလာသောအခါ အမျိုးသားရေး၊ စိတ်ဓာတ်အခြေမခိုင်ယိုင်နဲ့ လာကြပေသည်။ ယနေ့ခေတ်သည် IT ခေတ်လိုပဲပြောပြော တိုးတက်နေသော ကမ္ဘာကြီးဟုဆိုဆို မြန်မာ့ယဉ်ကျေးအမွေအနှစ်၏ ကြီးမြတ်မှု့ကိုတော့ဖြင့် မမေ့သင့်ပါလေ။ အတုယူသင့်သည့် ပညာရပ်ဆိုင်ရာများကိုအတုမယူဘဲ ရလာဒ်ဆိုးတို့၏ ဝါးမျိုးခြင်းကိုခံရသည်တော့ အမှန်ပင်ဖြစ်ပါသည်။
ယနေ့ခေတ် အနာဂတ်လူငယ်များ၏လှုပ်ရှားမှုမှန်မျှသည် အနာဂတ်မြန်မာ့လူဘောင်၏ ကောင်းကျိုး၊ ဆိုးကျိုးမှန်သမျှကို ဖန်တီးသွားမည့်အကြောင်းအရာဖြစ်သည့်အတွက် ဗုဒ္ဓဘာသာမြန်မာလူငယ်များအနေဖြင့် မသိနားမလည်သည်များကို တကယ့်ဗုဒ္ဓဘာသာဖြစ်ဖို့ လေ့လာသင်ယူခြင်းများ ပြုလုပ်သင့်ပါတယ်။
နှစ်ဆယ်ရာစုခေတ်အမျိုးသားကောင်း၊ အမျိုးသမီးကောင်းများအနေဖြင့် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ရန် ဘုရား၊ တရား၊ သံဃာအကြောင်းအရာနှင့် ကံ၊ ကံ၏ အကျိုးကို ဗုဒ္ဓဘာသာခေတ်လူငယ်များ သိရှိနားလည်စေရန် ခံစားချက်၊ ခံယူချက်အပြည့်နှင့် လေ့လာဆည်းပူးပြီး၊ သာသနာအတွက် အကျင့်စာရိတ္တနှင့် ယဉ်ကျေးမှုမြင့်မား လာစေရန်ထိန်းသိမ်းစောင့်ရှောက်ရပါမည်။ ထိုသို့ယုံကြည်စောင့်ရှောက်မှသာ သရဏဂုံအခြေခိုင်မာသော ဗုဒ္ဓဘာသာ ဝင်ကောင်းတစ်ဦးဖြစ်ပေမည်။
ထို့ကြောင့် မိဘ၊ ဆရာများအနေဖြင့် ကိုယ့်တပည့်၊ သားသမီးများကို တန်ဖိုးရှိစွာ "ဆင်စီးပြီမြင်းရံ "သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် အဓိကနှင့် သာမညခွဲခြမ်း၍ တစ်ဘက်တစ်လမ်းမှ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှု အနှစ်သာရများကို သင်ကြားပေးစေလိုကြောင်းဖြင့် ဤဆောင်းပါးလေးနှင့် စေတနာရှေ့ထား၍ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

            *မကဗျာ ပန်းခင်း*(စာပေချစ်သူ)

ဤဆောင်းပါးသည် ကျွန်မ၏ စာပေချစ်သူများအဖွဲ့နှင့်`ပထမဆုံး လူငယ်များ၏ အနာဂတ်ကမ္ဘာ´ စာအုပ်မှာရေးသားထားသော "ဘာသာတရား တန်ဖိုးထားစေချင် "ဆောင်းပါးဖြစ်ပါသည်။



Posted by .ဇော်ရဲ { N.P.T }